Sunday, June 12, 2016

Networking ကိုလိုက်စားတဲ့ညီအကို မောင်နှမတွေအတွက် ဖတ်သင့်တဲ့စာလေးပါ

IP address
IP Address ဆိုတာ ဘာလဲလို့ ကျွန်တော့် friends တော်တော်များများက မေးကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အင်တာနက် အသုံးပြုမှုတွေ ပိုမိုတိုးတက်လာတဲ့နောက် နည်းပညာဝေါဟာရတွေ ရေပန်းစားလာပါတယ်။ အဲသည်ထဲမှာ IP Address ဆိုတာလည်း တစ်ခု အပါအဝင် ဖြစ်လာပါတော့တယ်။
IP address တွေအကြောင်းကို ကျွန်တော့်ရဲ့ နောင်တော်များ ရေးသားထားတာတွေကို ဖတ်ရှုခဲ့ရဘူးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လုံးဝ မသိသေးသူတွေအတွက်ကိုပဲ သည်ပို့စ် ကလေးကို ရေးလိုက်ပါတယ်ခင်ဗျာ။
သင့်သူငယ်ချင်းတွေအတွက်လည်း Share နိုင်ပါတယ်ခင်ဗျာ။

IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ်။
IP Address ဆိုတာကို အလွယ်ဆုံးမှတ်ချင်ရင် မိမိရဲ့ လိပ်စာ လို့ အကြမ်းဖျင်း မှတ်သားရမှာပါ။ နည်းပညာ   နယ်ပယ်မှာ စကားလေးတစ်ခွန်းရှိပါတယ်။
Your IP address is like your home address but it's your duty to keep yourself safe from all kinds of attack. ပါတဲ့။
သင့်ရဲ့ IP Address ဟာ သင့်ရဲ့ အိမ်လိပ်စာနဲ့တူပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုပေါင်းစုံကနေ လွတ်မြောက်  အောင် (လုံခြုံအောင်) ကြိုးစားဖို့ကတော့ သင့်တာဝန်ပါပဲ တဲ့။
IP Address အတွက် ဥပမာတစ်ခုပေးပါ့မယ်။ အကယ်၍ သင်က စာတိုက်ကနေ ပါဆယ်တစ်ခု ပို့ချင်တယ်ဆိုပါစို့။ ပါဆယ်ထုပ်ကလေးပေါ်မှာ သင်ပို့မယ့်နေရာ (လက်ခံမယ့်သူ) ရဲ့ လိပ်စာကို တပ်ရပါလိမ့်မယ်။ ဒါမှ အထုပ်ကလေးက သင်ပို့လိုရာကို ရောက်မှာပေါ့။ ဒါ IP Address သဘောပါပဲ။

IP Address မှာ class တွေ ရှိပါတယ်။
1 ကနေ 127 အတွင်း ဘာနဲ့ စ စ   အဲဒါ Class A ပါ
128 ကနေ 191 အတွင်း ဘာနဲ့ စ စ   အဲဒါ Class B ပါ
192 ကနေ 223 အတွင်း ဘာနဲ့ စ စ   အဲဒါ Class C ပါ
…………………………………………………………………….
224 ကနေ 239 အတွင်း ဘာနဲ့ စ စ   အဲဒါ Class D ပါ
240 ကနေ 254 အတွင်း ဘာနဲ့ စ စ   အဲဒါ Class E ပါ
……………………………………………………………………
Class D & E ကိုတော့ ခုချိန်ထိ မသုံးသေးပါဘူး။ စမ်းသပ်ရုံသာ ထားထားပါသေးတယ်။
ကောင်းပြီ သင့်ရဲ့ IP Address ကို ဘယ်လိုကြည့်မလဲ။ ဒီအကြောင်းကို ကျွန်တော်ရေးဘူးပါသေးတယ်။ ခု   အနည်းငယ် ပြန်ပြောပြပါ့မယ်။
သင်ဟာ Windows သုံးစွဲသူဆိုရင် သင့်ကွန်ပျူတာရဲ့ CMD (command prompt) မှာ ipconfig လို့ ရိုက်ရှာနိုင်သလို အကယ်၍ သင်က Linux ကို သုံးစွဲသူဖြစ်မယ်ဆိုရင်တော့ Terminal မှာ ifconfig လို့ ရိုက်ပြီး enter   လိုက်ရုံပါပဲ။ ဖုန်းထဲမှာလည်း Setting >>> About >>> Status မှာ ဝင်ကြည့်နိုင်ပါတယ်။
သင်က ဘာကိုပဲ သုံးသုံး အင်တာနက်လိုင်းမိနေတယ်ဆိုရင်တော့ http://whatismyipaddress.com ကိုသွားလိုက်ရုံပါပဲ သင့် IP Address ကို ရပါလိမ့်မယ်။ ရလာတဲ့ IP Address ကို သေချာကြည့်ပြီး ဘာနဲ့စ လဲ ကြည့်ရုံနဲ့ သင့် IP ရဲ့ Class က A, B, C ဘယ်ဟာလဲဆိုတာ သိပါလိမ့်မယ်။ ဒီမှာ အများဆုံးကတော့ Class C ပါ။
{နောက်ပြီး IP address တွေမှာ private IP နဲ့ public IP ဆိုပြီး ရှိပါသေးတယ်။ Private IP ဆိုတာက LAN (local area network) ထဲမှာ ပေးလို့ရတဲ့ IP range ပါ။ public IP ဆိုတာကတော့ အင်တာနတ် ဒါမဟုတ် wide area network တွေအတွက်သုံးတာပါ။ ဒါကြောင့် ကိုယ့် ကွန်ပျူတာမှာ private IP ပေးထာရင် အဲဒါ ကိုယ့် ရဲ့ LAN ထဲက ကွန်ပျူတာအချင်းချင်းဘဲ ဆက်သွယ်နိုင်ပါလိမ့်မယ်။ အင်တာနက်ပော်က အခြားကွန်ပျူတာ နက်ဝပ်တွေနဲ့ပါ ချိတ်ဆက်တဲ့အခါမှာတော့ Public IP ကိုသာ အသုံးပြုပါတယ်။}
{….} တွန့်ကွင်းအတွင်းရှိ စာသားများကို နားမလည်လျင် ကျော်ထားခဲ့ပါ။
{နောက်ထပ် ခွဲပုံ နှစ်မျိုး ရှိပါသေးတယ်။ Dynamic IP နဲ့ Static IP ပါ။ Dynamic IP ကတော့ ယာယီ ချထားပေးတဲ့ IP address ပါ။အချိန်က လ အတိုင်းတာတစ်ခု ပြီးရင် နောက် IP တစ်ခု ပြောင်းသွားမှာပါ။ static IP ဆိုတာ စက် တစ်ခု မှာ အသေပေးထားတဲ့ IP ပါ။ မိမိပြုလုပ်ချင်တဲ့ အခြေအနေပေါ် မူတည်ပြီး Dynamic သုံးမှာလား Static သုံးမှာလား ဆုံးဖြတ်ရပါတယ်။ ဒါကတော့ မိမိပော် မူတည်ပါတယ်။}
Decimal Value တွေနဲ့ ပြလေ့ရှိတဲ့ IP address တွေမှာ အပိုင်း လေးပိုင်း ရှိနေတာ တွေ့ရမှာပါ။
က.ခ.ဂ.ဃ လို့ အလွယ် မှတ်ထားရအောင်နော်။
IP address မှာ Network ID နဲ့ Host ID ဆိုပြီး အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ Class အလိုက် ပိုင်းခြားပုံ မတူပါဘူး။
Class A မှာ “က” သည် Network ID ဖြစ်ပြီး ကျန်တာအကုန် Host ID ပါ
Class B မှာ “က.ခ” သည် Network ID ဖြစ်ပြီး ကျန်တဲ့နှစ်ပိုင်းက  Host ID ပါ
Class C မှာ “က.ခ.ဂ” သည် Network ID ဖြစ်ပြီး ကျန်တဲ့ ဃ သည်သာ Host ID ပါ
Network တစ်ခုတည်းအောက်မှာ သုံးစွဲနေရင် Network ID တူပါတယ်။ ဒါပေမယ့် Host ID ကတော့ လုံးဝ တူမှာ မဟုတ်ပါဘူး။ ခုန ပါဆယ်ပို့တဲ့ ဥပမာမှာ Network ID က လမ်းနာမည်နဲ့တူပြီး Host ID ကတော့      အိမ်နံပါတ်ပါ။ လမ်းထဲမှာ အိမ်တွေ အများကြီးရှိနေပေမယ့် အိမ်နံပါတ်တွေချင်းတော့ တူမှာမဟုတ်ပါဘူး။
ပိုပြီးရှင်းအောင် အောက်ပါ IP address ကို နမူနာ ကြည့်ရအောင်ပါ။
192.168.10.20
က  . ခ  . ဂ.ဃ
အစမှာ 192 နဲ့ စတဲ့အတွက် Class C မှာ ပါဝင်ပါတယ်။ {အပော်မှာ ခွဲနည်း ပြောပြီးပြီနော်}
Class C ဖြစ်တဲ့အတွက် “က.ခ.ဂ” သုံးပိုင်းလုံးက Network ID ဖြစ်ပြီး Host ID က နောက်ဆုံးပိုင်းပါ။ ဃ ပေါ့။
ဒါကြောင့် ရှေ့က “192.168.10” သည် Network ID လို့ သိရပါတယ်။ နောက်ဆုံးက 20 က Host ID ပေါ့။
ဒီလောက်ဆို IP Address ရဲ့ သဘောတရားလေးတွေကို နားလည်လောက်ပြီလို့ ယူဆပါတယ်။

အစပိုင်းမှာပြောခဲ့သလိုပါပဲ။ သင့်ရဲ့ IP Address ဟာ သင့်အိမ်ကို ညွှန်ပြမှုတစ်ခုပါ။ သင့်အိမ်ကလေးကို ပိုပြီး စောင့်ရှောက်ဖို့ လိုအပ်နေပြီဆိုတာကိုတော့ ခုချိန်ကတည်းက သင် သဘောပေါက်ထားရမှာပါ။

ကျွန်တော်သိသမျှ အသိကလေး နည်းနည်းကလေးနဲ့ ဒီစာကလေးကို ရေးပါတယ်။
လုံးဝ မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့သာ ဖော်ပြခြင်းဖြစ်တာကြောင့် ဆရာသမားများ သဘောမကျစရာတွေ့ခဲ့ပါက ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

ယခု Post ကလေးကို pdf နဲ့ လိုချင်ရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။
http://www.mediafire.com/download/7ucvw8ruxt3h3uv/IP_address.pdf

မှတ်ချက် ။       ။ မည်သည့် website ကမျှ ကော်ပီကူးထားခြင်းမရှိပါ။

အဆင်ပြေပျော်ရွှင်ကြပါစေဗျာ။

Thanks for Reading
Khit Minnyo


No comments:

Post a Comment